ပွင့်ဖြူ ဇွန် ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ရွာသာညွန့်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရခြင်း၏ရည်ရွယ်ချက်နှင့် စီမံကိန်းအကျိုးကျေးဇူးများ၊ စီမံကိန်းလက်စွဲစာစောင်ပါ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ (VDP)စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာကော်မတီဝင် ရွေးချယ်မှုသတ်မှတ်ချက်များ၊ စီမံကိန်းကော်မတီဝင်များတာဝန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကိုရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းလုပ်ငန်းဖော်ဆောင်ရန် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်(၉)ဦးကို အများသဘောဆန္ဒနှင့်အညီ အတည်ပြုရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန်အတွက် ကျေးရွာ(၁၂)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာပြည်သူထည့်ဝင်ငွေတို့နှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်၏ ပြောကြားချက်အရ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)