ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ မင်းကျောင်းပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍ သာသနာရေးဆိုင်ရာများလျောက်ထားခြင်းနှင့် လွိုင်ကော်မြို့မရဲစခန်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များအား တွေ့ဆုံအားပေး

ကယား ဇွန် ၂၁

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ မင်းကျောင်းပရိယတ္တိ စာသင်တိုက်သို့ သွားရောက်ကာ လွိုင်ကော်မြို့တွင် ပြန်လည်တည်ငြိမ်အေးချမ်းမှုရရှိလာပြီဖြစ်၍ စာသင်တိုက်အသီးသီးရှိ သံဃာတော်များ ပြန်လည်သီတင်းသုံးနိုင်ရေးနှင့် စာသင်တိုက်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မင်းကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တပညောဘာသ အားသွားရောက်ဖူးမြှော်ကြည်ညိုခဲ့ပြီး သာသနာရေးဆိုင်ရာများ လျောက်ထားကာ ဆွမ်းဆန်တော်၊ ဆီ၊ ပဲနှင့် လှူဖွယ်ဝတ္တူပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် မင်းကျောင်းပရိယတ္တိစာသင်တိုက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောက်ဆောင်ရွက်မှုကြောင့် ပျက်စီးသွားသည့် သာသနိကအဆောက်အဦများကို လိုက်လံကြည့်ရှု၍ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရန်အတွက် တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်၊ မြို့မရဲစခန်းသို့ သွားရောက်၍ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုရှိလာအောင် တပ်မတော်နှင့် လက်တွဲ၍ တာဝန်ထမ်းဆောင်ခဲ့ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများအား တွေ့ဆုံ၍ အားပေးစကားပြောကြားရာတွင် ပြည်နယ်တည်ငြိမ်အေးချမ်းမှုရရှိလာအောင် သစ္စာရှိရှိရဲရဲဝံ့ဝံ့ဖြင့် တာဝန်ထမ်းဆောင်ခဲ့သော တပ်ဖွဲ့ဝင်များအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်အား အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် တပ်မတော်၏ အရန်အင်အားဖြစ်သည်နှင့်အညီ နိုင်ငံတော်ကာကွယ်ရေးတာဝန်များအား တပ်မတော်နှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုဝင်များအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့် ရဲတပ်ဖွဲ့ဝင်ဝတ်စုံ(၁၀၀)စုံတို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး လွိုင်ကော်မြို့မရဲစခန်းဝန်းအတွင်းရှိ မိသားစုနေအိမ်လိုင်းခန်းများသို့ သွားရောက်၍ တပ်ဖွဲ့ဝင်မိသားစုများအား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။ ၎င်းနောက် မြို့မရဲစခန်းလုံခြုံရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိသော အုတ်တံတိုင်းကာရံနေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ကျောင်းသူများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို (ပန်းချီ၊ ကာတွန်း၊ ပိုစတာ) ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်နေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းစုပေါင်းခန်းမအား ကြည့်ရှုစစ်ဆေး၍ ပြန်လည်ပြုပြင်ပေးနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)