မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မကွေး ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးရှိ ပါမောက္ခဦးလှအောင်ခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းအဖွဲ့ခွဲ၏ အဖွဲ့ခေါင်းဆောင်တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက အမှာစကားပြောကြားရာတွင် နေပြည်တော်ရှိ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ မိမိတို့ မကွေးတိုင်းဒေသကြီး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲထံ လက်ကမ်းစာစောင်များကို ပေးပို့လာခဲ့ပြီး အဆိုပါလက်ကမ်းစာစောင်များတွင် ပါဝင်သည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေများနှင့် သတင်းတုသတင်းမှားများ ဖြန့်ဝေပါက အရေးယူနိုင်သည့် ဥပဒေများပါ ကောက်နှုတ်ချက်များအား အများပြည်သူသိရှိနိုင်ရေးအတွက် ဖြန့်ဝေရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် ပထမအချက်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံးတည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဖွဲ့ခွဲအဖွဲ့ဝင်များအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ အောင်မြင်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိ ဦးမျိုးမင်းဇော်က လက်ကမ်းစာစောင်တွင်ပါဝင်သည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေများပါ ကောက်နုတ်ချက်များနှင့် သတင်းတု သတင်းမှားဖြန့်ဝေပါက အရေးယူနိုင်သည့် ဥပဒေများပါ ကောက်နုတ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြသည်။

ယင်းနောက် မကွေးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲအဖွဲ့ဝင်များက လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းအဖွဲ့ခွဲ အတွင်းရေးမှူး၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်က အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်အတည်ပြုနိုင်ရန်အတွက်လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကို