နတ်တလင်း ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.လ.က(ခွဲ) အိုးမြေတွင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မိခင်၊ ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ ဦးစီးအရာရှိ ဒေါက်တာခိုင်သဉ္ဇာနှင့် ဝန်ထမ်းများမှ ရာသီတုပ်ကွေးရောဂါအကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း၊ သွေးလွန်တုတ်ကွေးရောဂါအကြောင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်နှင့် သွားနှင့်ခံတွင်းရောဂါအကြောင်းများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ဒေါက်တာခိုင်သဉ္ဇာနှင့် ဝန်ထမ်းများမှ အဆိုပါကျောင်းဝန်းအတွင်းရှိ ရေစည်ရေအိုးများ၌ ခြင်မဝင်စေရေးဆောင်ရွက်ရန်၊ ဘုရားပန်းအိုးများ တစ်ပတ်တစ်ကြိမ် ဆေးကြော၍ ရေလဲရန်၊ ရေစည်ရေအိုးထဲသို့ ပိုးလောက်လမ်းများ မဖြစ်ပေါ်စေရေးဆောင်ရွက်ရန် စသည်တို့ကို ဆွေးနွေးပြောကြားပြီး ဖုံး၊ သွန်၊ လဲ၊ စစ်၊ Abate ဆေးခပ်ခြင်းများ လက်တွေ့ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)