အထက်မင်းလှ ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီက ရွာတော်ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမြတ်ယူက အမှာစကားပြောကြားပြီးမင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသင်းက သင်တန်းတွင် သင်ကြားပို့ချခဲ့သည့် ဘာသာရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်သူများအား ဆုချီးမြှင့်ပေးပြီး သင်တန်းတက်ရောက်သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကာ သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ရွာတော်ကျေးရွာမှ၊ သင်တန်းသူ (၂၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇွန်(၁၄)ရက်နေ့မှ (၂၀) ရက်နေ့အထိ (၇)ရက်တိုင် ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်တက်ရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)