ပဲခူး ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်နှင့် ခရိုင်၊ မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ အရာထမ်း၊ အမှုထမ်းများ၏သားသမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော် တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်လွင်လွင်အေးကျော်က ယခုလိုထူးချွန်ထက်မြက်သည့် ကျောင်းသား၊ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ရခြင်းသည် ဂုဏ်ပြုသင့်သူကိုဂုရပြုခြင်းဆိုတဲ့ မင်္ဂလာတရားတော်နှင့်အညီမင်္ဂလာရှိတဲ့ပွဲဖြစ်ကြောင်း၊ ထူးချွန် ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ခြင်းအားဖြင့် ပညာရေးကိုပိုမို ကြိုးစားလိုစိတ်ဖြစ်အောင် အားသစ်လောင်းပေးတာဖြစ်သလို မူလတန်း၊ အလယ်တန်း၊ အထက်တန်းတွေမှာ ပညာသင်ယူနေကြတဲ့ သားငယ်၊သမီးငယ်တွေကိုလည်း ထူးချွန်သူတွေကို အားကျအတုယူစိတ်ဖြင့် ကြိုးစားကြစေရန်ရည်ရွယ်ကြောင်း၊ မိမိတို့တတ်ကျွမ်းတဲ့အတတ်ပညာနဲ့ မိမိမိသားစုအတွက်၊ နိုင်ငံတော်အတွက် အကျိုးပြုနိုင်တဲ့ လူတော်လူကောင်းများအောင် ကြိုးစားကြဖို့လိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ကြသူ (၆)ဦးအား တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်လွင်လွင်အေးကျော်က ဂုဏ်ပြု ဆုများပေးအပ်ပြီး ၂၀၂၄-၂၀၂၅ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းတက်ရောက်နေကြသည့် ဝန်ထမ်းသား၊သမီး ကျောင်းသား၊ကျောင်းသူများအား ပညာသင်ထောက်ပံ့ပစ္စည်းများကို တိုင်းဒေသကြီးတရားလွှတော်တရားသူကြီးများနှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့က ပေးအပ်ကြသည်။
ယင်းနောက် ဂုဏ်ပြုဆုချီးမြှင့်ခြင်းခံရသူများကိုယ်စား (၄)ဘာသာဂုဏ်ထူးရှင် ကလည်းကောင်း၊ ပညာသင်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းအတွက် မိဘဝန်ထမ်းတစ်ဦးကလည်းကောင်း ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး ကြသည်။
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်နှင့် တိုင်းဒေသကြီးအတွင်းရှိတရားရုံးများမှ တရားရေးအရာရှိများ၊ တရားရုံးဝန်ထမ်းများ၏သား၊သမီးများအနက် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ တက္ကသိုလ် ဝင်စာမေးပွဲတွင် (၄)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရရှိသူ(၁)ဦး၊ ရိုးရိုးအောင်မြင်သူ(၃)ဦးရှိပြီး ၂၀၂၄-၂၀၂၅ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ (၁၃၂)ဦးတို့အတွက် ငွေကျပ်(၂၆)သိန်းတန်ဘိုးရှိ ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)