အ.လ.က(ခြံကြီးစု)၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြော

မိုးညို ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ သခင်လှရှိန်ရပ်ကွက်ရှိ အ.လ.က (ခြံကြီးစု) ကျောင်း၌ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.လ.က(ခြံကြီးစု)မှ ဆရာကြီးဦးစိုးနိုင်က ယခုကာလသည် မိုးကာလသို့ရောက်ရှိပြီး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သေချာစွာဂရုစိုက် နားထောင်ကြရန်အမှာ စကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးတင်အောင်က သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ၊ ကြိုတင်ကာကွယ်ရန်အချက်များ၊ ပြင်းထန်တဲ့သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ၊ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကြားကိုက်ခြင်းမှ ဖြစ်ပေါ်သည့်အတွက် ခြင်ကောင်ဖြစ်မှ နှိမ်နင်းခြင်းထက် ပိုးလောက်လမ်းဘဝတွင် နှိမ်နင်းခြင်းက ပိုမိုထိရောက်ကြောင်း၊ ကျောင်းသားအရွယ်ကလေးငယ်များ သွေးလွန်တုပ်ကွေးဖြစ်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက် ပြသကြရန် အသိပညာပေးပြောကြားပြီး သွေးလွန်တုပ်ကွေးရောဂါအ‌ကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျောင်းဝန်းအတွင်းရှိ ရေကန်များ၊ ကျောက်စည်ပိုင်းများအတွင်းသို့ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုန်း၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)