ကျိုက်လတ် ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ မူးယစ်ဆေးဝါးသုံးစွဲမှု၏ ဆိုးကျိုးများနှင့် လူကုန်ကူးမှုအကြောင်းသိကောင်းစရာများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းက စားသောက်ကုန်များနှင့်ပတ်သက်၍ ဆိုးဆေးများ၊ တာရှည်ခံဆေးများ၏ ဆိုးကျိုးများ၊ သက်တမ်းလွန်စားသောက်ကုန်များ၏ အန္တရာယ်များအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြသည်။ ထို့နောက် “လူကုန်ကူးမှုအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်းသိကောင်းစရာ” အသိပညာပေး နံရံကပ်စာစောင်များကိုပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး “အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်”အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသည့် “သတင်းစကား” လက်ကမ်းစာစောင်များကိုလည်း အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၁) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်