သံတောင်ကြီး ဇွန် ၂၀
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာ မောင်သာမည၏ အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်းစာအုပ်အား ယနေ့နံနက်ပိုင်း(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်မူးသောသီစိုး (Book Club) အဖွဲ့ဝင်မှ စာအုပ်ပါအကြောင်းအရာဖြစ်သည့် မွန်းတည်းချိန် အမိုက်မှောင်၊ အောင်မြင်သူနှင့်ရှုံးနိမ့်သူ၊ အသစ်ဖန်တီးသူနှင့်ပျှမ်းမျှလူ၊ တက်ကြွသောသင်ယူမှု၊ ပင်လယ်ကပေးသောဒဿန စသည့်အကြောင်းအရာများကို စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး စောလိုဝါး(Youth Club)အဖွဲ့ဝင်ကခြားနားခြင်းနှင့် အတတ်ပညာ၊ အရှုံး၏ တစ်ဖက်စွန်း၊ ပြတင်းပေါက်ကအလင်းရောင်၊ ညဏ်ရည်ညဏ်သွေး၊ မိမိကိုယ်ကိုထိန်းချုပ်ခြင်း စသည့်အကြောင်းအရာများကို ဖတ်ကြားခဲ့ပြီး တက်ရောက်လာသည့် Book Club/Youth Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြသည်။
အဆိုပါစာရေးဆရာမောင်သာမည၏ အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်းစာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့်မိမိကိုယ်ကိုယုံကြည်မှုရှိပြီး မကြောက်မရွံ့ အနာဂတ်လှပအောင်ဖန်တီးလာခြင်း၊ စိတ်သဘာဝ၏ ဘက်နှစ်ဖက်ကို ရုပ်သဘာဝဘက်နှစ်ဖက်နှင့် နှိုင်းယှဉ်၍ စဉ်းစားတတ်လာခြင်း၊ အောင်မြင်သူနှင့် ရှုံးနိမ့်သူတို့၏ အကျင့်စရိုက်ကို သိရှိလာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။
နော်နော်မူ