ထန်းတပင်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ထန်းတပင်(ပဲခူး) ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် သစ်တောသစ်ပင်များ၊ သစ်တော ဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့ရေး၊ သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်လန်းစိုပြေရေးကို အထောက်အကူပြု သလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈)နာရီက စစ်တောင်းတံတား အနီးလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှ​မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးစိုးလွင်တို့က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများထံသို့ စိုက်ပျိုးသွားမည့်ပျိုးပင်များကို ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက ကျွန်းပင် (၁၀) ပင်၊ မဟော ဂနီ(၁၀)ပင်၊ စိန်ပန်း(၁၅၀) ပင်၊ ယမနေ (၂၀၀) ပင်၊ မန်ဂျန်ရှား (၅၅)ပင် စုစုပေါင်း ပျိုးပင် (၄၂၅)ပင်တို့ကို  စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)