မြောင်းမြ ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ဓမ္မစကူးလ်မူလတန်းဆရာ ဖြစ်သင်တန်းအား ဇွန်လ (၁၅) ရက်မှ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က သင်တန်းဆင်းပွဲအခမ်းအနားကို မြို့ကျက်သရေဆောင်သာသနာ့ ဗိမ္မာန်တော် ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားစတင်ခဲ့ပြီး၊ နိုင်ငံတော်သံဃာ့နာယကအဖွဲ့ဝင် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ မြောင်းမြမြို့ ဇေယျမေဒနီစာသင်တိုက်ဆရာတော် ဘဒ္ဒန္တစန္တဝရ မဟာထေရ်မြတ်ကြီးက သြဝါဒကထာ မြွတ်ကြားခဲ့သည်။ ဆက်လက်၍ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက သင်ကြားပို့ချပေးခဲ့သော ဆရာ၊ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး၊ တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ ထို့နောက် မြောင်းမြမြို့နယ် ဓမ္မစကူးလ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ ချမ်းမြေ့ဆရာတော် ဘဒ္ဒန္တခေမိန္ဒ ဆရာတော်ဘုရားကြီးက သင်တန်းသား၊ သင်တန်းသူများအား အမှာစကားမြွတ်ကြားခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းကို သင်တန်းဆရာ၊ ဆရာမ (၆) ဦးတို့က သင်တန်းသား၊ သင်တန်းသူ (၆၄) ဦးတို့အား ဇွန်လ (၁၅) ရက်မှ ဇွန်လ (၁၉) ရက်နေ့အထိ ငါးရက်တာ သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။
ဇေယျာ (ပြန်/ဆက်)