နတ်မောက် ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာခင် ဦးစီးအရာရှိက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရန်နှင့် အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သော အလေ့အထကောင်းများ ရရှိလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)မှ ကျောင်းသား/သူများဖြစ်ကြသည့် Grade-11 ကျောင်းသူ မချောစုသွယ်က လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ထွဋ်ရှိန်အောင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 ကျောင်းသူ မသွယ်သွယ်အေးက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 ကျောင်းသား မောင်လူလူမောင်က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 ကျောင်းသူ မသဲဝတီမိုးက လူငယ်နှင့်ကြီးပွားရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ချမ်းကိုအောင်က လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများကလည်း အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။အခမ်းအနားအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/သူများက စိတ်ပါဝင်စား စွာကြည့်ရှုခဲ့ကြသည်။
လှဝင်း