ဝေါ ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာများ ဖလှယ်နိုင်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းတွင် ဝေါမြို့ အခြေခံပညာအထက်တန်းကျောင်း(ဝေါအရှေ့)၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက Moderator အဖြစ်ဆောင်ရွက်ပေးပြီး အခြေခံပညာအထက်တန်းကျောင်း(ဝေါအရှေ့)မှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade-10 မှ မောင်သော်တာမင်းမောင်က ဉာဏ်ရည်တု AI ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 10 မှ မောင်ငြိမ်းစည်သူက စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 10 မှ မောင်ဟိန်းမြင့်မြတ်အောင်က သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအကြောင်းအရင်းများ ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade 10 မှ မယမင်းထွေးက ပလတ်စတင်အန္တရာယ် သတိပြုကာတို့ကာကွယ်ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပေးသည်။
ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များအား တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)