ရွှေစက်တော်ဘေးမဲ့တောအား အာဆီယံအမွေအနှစ်ဥယျာဉ်တည်ထောင်နိုင်ရေးနှင့်စပ်လျဉ်းပြီး ကြိုတင်အသိပေးခြင်းနှင့် လွတ်လပ်သောသဘောထားရယူခြင်းဆောင်ရွက်

မင်းဘူး ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော်ဘေးမဲ့တောအား အာဆီယံအမွေအနှစ်ဥယျာဉ် တည်ထောင်နိုင်ရေးနှင့်စပ်လျဉ်းပြီး ကောင်းစွာကြိုတင်အသိပေး၍ လွတ်လပ်သောသဘောထားရယူခြင်း (Free Prior and Imformed Consent (FPIC) process for AHP nomination Initiatives) အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ သစ်တောဦးစီးဌာန ရွှေစက်တော်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းမှ ရွှေစက်တော်ဘေးမဲ့တောအား စတင်ဖွင့်လှစ်တည်ထောင်ခြင်းနှင့် ဘေးမဲ့တောအတွင်း ဇီဝမျိုးစုံမျိုးကွဲများ၊ သားငှက်တောရိုင်းတိရစ္ဆာန်များ၏ ကျင်လည်ကျက်စား နေထိုင်မှုနှင့် ၎င်းတို့အား ကာကွယ်ထိန်းသိမ်းစောင့်လျောက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး၊ သစ်တောဦးစီးဌာန သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန (နေပြည်တော်) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိန်ဝင်းထွန်းက ရွှေစက်တော်ဘေးမဲ့တောအား အာဆီယံအမွေအနှစ်ဥယျာဉ် တည်ထောင်နိုင်ရေးနှင့်စပ်လျဉ်းပြီး အသေးစိတ်ရှင်းလင်းချပြ ဆွေးနွေးခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ၏ အထင်ကရ ထင်ရှားကြော်ကြားသော မန်းရွှေစက်တော် ဘုရားကြီးအားအမှီပြု၍ ရွှေစက်တော်ဘေးမဲ့တောအား အာဆီယံအမွေအနှစ်ဥယျာဉ် တည်ထောင်နိုင်ရေးနှင့်စပ်လျဉ်းပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဖိလစ်ပိုင်နိုင်ငံအခြေစိုက် အာဆီယံဇီဝမျိုးစုံမျိုးကွဲဗဟိုဌာန (ASEAN Center for Bioiversity–ACB) နှင့် ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ခြင်း၊ တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်များ တည်ထောင်ခြင်း၊ ASEAN Heritage Park (AHP) အဖြစ် အဆိုပြု သတ်မှတ်ခြင်းဆိုင်ရာစံနှုန်းများနှင့် အာဆီယံအမွေအနှစ်ဥယျာဉ် (၅၇) ခုအနက်မှ မြန်မာနိုင်ငံက သဘာဝထိန်းသိမ်းရေးနယ်မြေ ၈ ခု ပါဝင်မှုနှင့်တည်ထောင်ပြီး အာဆီယံအမွေအနှစ်ဥယျာဉ်များ၊ စီမံကိန်းဆိုင်ရာအချက်အလက်များနှင့် စီမံကိန်းကာလ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံအတွင်းမှ အာဆီယံအမွေအနှစ်ဥယျာဉ်များ (AHPs) အဖြစ် ထပ်မံတိုးချဲ့ပြီး အမည်စာရင်းများ အဆိုပြုရန်အတွက် အာဆီယံဇီဝမျိုးစုံ မျိုးကွဲဗဟိုဌာန (ASEAN Center for Bioiversity – ACB) ထံသို့ ဆက်သွယ်တင်ပြထားရှိမှု စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး ဒေါက်တာကျော်စိန်ဝင်းထွန်းက ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်းဆိုင်ရာ မှတ်တမ်း Video အားပြသကာ တက်ရောက်လာသော ခရိုင်နှင့်မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၏ သိရှိလိုသော မေးမြန်းချက်များကို ပြန်လည်ဖြေရှင်းပြောကြားခဲ့ပြီးနောက် လွတ်လပ်သော ဆန္ဒသဘောထားများကို ရယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)