နတ်မောက်မြို့နယ်၊ မရိုးတောကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာ စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်

နတ်မောက် ဇွန် ၂၀  

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်တွင် စည်သာကျေးရွာအုပ်စု မရိုးတောကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နတ်မောက်မြိုန့ယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးမှ မိမိတို့ဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင်မိမိတို့ကျေးရွာ၏ ပကတိလိုအပ်ချက် များပါဝင်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များကို မိမိတို့ကိုယ်တိုင်ရေးဆွဲပြီး အဆိုပါစီမံချက်များကို မြို့နယ်စီမံကိန်းရေးဆွဲရေးလုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျေးရွာတစ်ရွာအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေကျပ်သိန်း (၁၅၀) နှင့် ပြည်သူထည့်ဝင်ငွေတို့ပူးပေါင်း၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကြောင်း သိရသည်။

ဆက်လက်၍ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးတိုးတိုးအောင်မှ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ကော်မတီဝင်များ လိုက်နာရမည့် စည်းကမ်းချက်များ၊ ကျေးရွာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း ၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသော ကျေးရွာသူ၊ ကျေးရွာသားများက စီမံကိန်းကော်မတီဝင်များအား အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း  နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးထံမှ သိရသည်။

မူမူစန်း