ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ငှက်ပျောသီးနှံ (၁၀၂၀) ဧက စိုက်ပျိုးပြီးစီး

ပွင့်ဖြူ ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ငှက်ပျောသီးနှံ(၁၀၂၀)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ငှက်ပျောစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး(၁၀၂၀)ဧက စိုက်ပျိုးရန် လျာထားပြီး ဒေသခံတောင်သူများက မေလဒုတိယပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ငှက်ပျောစိုက်ဧက(၁၀၂၀)ဧက စိုက်ပျိုးပြီးစီပြီဖြစ်၍ သတ်မှတ်လျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

"ပွင့်ဖြူမြို့နယ်က စိုက်ပျိုးရေအဆင်ပြေတော့ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုရှိတယ်။ ဒီနှစ်မိုးသီးနှံစိုက်ပျိုးရာသီအနေနဲ့ ငှက်ပျောစိုက်ပျိုးခြင်းကို ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့အတွက် ရည်ရွယ်ပြီး ငှက်ပျောစိုက်ဧက(၁၀၂၀)ဧက လျာထားစိုက်ပျိုးခဲ့ရာ ယနေ့တွင် သတ်မှတ်လျာထားဧကပြည့်မီအောင် စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ ငှက်ပျောစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ဒေသခံတောင်သူတွေကို စိုက်ပျိုးရေးနည်းပညာတွေအပြင် ထွက်ရှိလာတဲ့သီးနှံများ အစားအစာဘေးကင်းလုံခြုံစေဖို့အတွက် အော်ဂဲနစ်စိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေးလုပ်ငန်းတွေကို ကွင်းဆင်းဆောင်ရွက်ပေးပါတယ်။ ဒီဒေသမှာ တောင်သူတွေအများဆုံးစိုက်ပျိုးတဲ့ ငှက်ပျောက ဖီးကြမ်း၊ ရခိုင်ငှက်ပျော၊ သီးမွှေး၊ ငှက်ပျောချဉ် စတဲ့ သီးနှံတွေကိုစိုက်ပျိုးကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ်မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံဝင်ငွေ တိုးပွားစေရန်မုန်းချောင်းရေ၊ မြေအောက်ရေတို့ကို အကျိုးရှိစွာအသုံးချပြီး ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ပြီးခဲ့သည့် မိုးသီးနှံစိုက်ပျိုးရာသီတွင်လည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်ပံ့ပိုးမှုဖြင့် ငှက်ပျောသီးနှံစိုက်ဧက(၁၀၂၀)ဧက လျာထားစိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကလျှင် ငှက်ပျောခိုင်ရေ(၁၄၃၀)ခိုင် ထွက်ရှိခဲ့ကြောင်းနှင့် ရောင်းချရာတွင် ဈေးကောင်းရရှိပြီး လုပ်ငန်းအဆင်ပြေကြကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)