မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေနံမြေ သခင်ဖိုးလှကြီးဖလား အလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

ကွေး ဇွန် ၂၀

၂၀၂၄ ခုနှစ် ရေနံမြေ သခင်ဖိုးလှကြီးဖလား အလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မန်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီး အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဖိတ်ကြားထားသူများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန်မြို့မှ ရွှေပြည်သာ FC ဘောလုံးအသင်းနှင့် မကွေးမြို့ခံအသင်းဖြစ်သည့် မကွေးမြို့မ FC ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးရာ မကွေးမြို့မ FC ဘောလုံးအသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အကောင်းဆုံးဂိုးသမားဆုရရှိသူအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးအောင်သူဦးကလည်းကောင်း၊ နောက်တန်းအကောင်းဆုံးဆုရရှိသူအား လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကလည်းကောင်း၊ အလယ်တန်းအကောင်းဆုံးဆုရရှိသူအား သံယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးကလည်းကောင်း၊ ရှေ့တန်းအကောင်းဆုံးဆုရရှိသူအား စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်ကလည်းကောင်း၊ အကောင်းဆုံးအားကစားသမားဆုအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်းကလည်းကောင်း ဆုကလပ်နှင့် ငွေသားဆုများ အသီးသီး ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ဒုတိယဆုရရှိသော ရွှေပြည်သာ FC ဘောလုံးအသင်းအား တစ်ဦးချင်းဆုဆွဲပြားကို မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန်းနိုင်ညွန့်ကလည်းကောင်း၊ ငွေသားဆု (၇၅)သိန်းကို အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦးကလည်းကောင်း ဆုများချီးမြှင့်ခဲ့ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ပထမဆုရရှိသည့် မကွေးမြို့မ FC ဘောလုံးအသင်းအား တစ်ဦးချင်းဆုဆွဲပြား၊ ဆုဖလားနှင့် ငွေသားဆု သိန်း(၁၀၀)ကို ချီးမြှင့်ခဲ့သည်။

အဆိုပါ ၂၀၂၄ ခုနှစ် ရေနံမြေ သခင်ဖိုးလှကြီးဖလား အလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို မကွေးတိုင်းဒေသကြီးအပါအဝင် အခြားတိုင်းဒေသကြီးများမှ စုစုပေါင်း အသင်း (၂၄)သင်းက မေလ ၂၅ ရက်နေမှ ဇွန်လ  ၁၉ ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

အောင်ကို (ဖန်ခါးမြေ)