ကျွန်းလှ ဇွန် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဟင်းသီးဟင်းရွက်မျိုးစုံ ဧက (၅၀၀) ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ ဟင်းသီးဟင်းရွက်သီးနှံကို ရာသီအလိုက်စိုက်ပျိုးကြပါတယ်။ ဒီနှစ် မိုးရာသီမှာ ဟင်းသီးဟင်းရွက် သီးနှံစုံစိုက်ပျိုးဖို့ (၅၁၂) ဧကလျာထားပါတယ်။ တောင်သူတွေကို GAP နည်းစနစ်စိုက်ပျိုးဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သီးနှံများထွက်ရှိရေး ဆောင်ရွက်ကြဖို့ အသိပညာပေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများအား မျိုးကောင်းမျိုးသန့်ရွေးချယ် စိုက်ပျိုးရေး၊ ပိုးမွှားကျရောက်မှုကင်းစင်ရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေး ကွင်းဆင်းပညာပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ချောင်းရေ၊ မြေအောက်ရေတင်ပြီး ခရမ်း၊ ငရုတ်၊ ပဲတောင့်ရှည်၊ ရုံးပတီ၊ သခွား၊ ဖရုံ၊ခဝဲ စသည့်ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုးကြကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ