ပွင့်ဖြူမြို့နယ် ကံလှကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ပြုလုပ်

ပွင့်ဖြူ ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ကံလှကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စီမံကိန်းလက်စွဲစာစောင်ပါ လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ (VDP)စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာကော်မတီဝင် ရွေးချယ်မှုသတ်မှတ်ချက်များ၊ စီမံကိန်းကော်မတီဝင်များ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာသူ၊ ကျေးရွာသားများက မိမိတို့ကျေးရွာများ၌ စီမံကိန်းလုပ်ငန်း ဖော်ဆောင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် (၉)ဦးကို အများသဘောဆန္ဒနှင့်အညီ အတည်ပြုရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ပေါက်ကုန်းကျေးရွာအုပ်စု၊ ကံလှကျေးရွာအပါအဝင် ကျေးရွာ (၁၂)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ် သိန်း ၁၅၀၊ ကျေးရွာပြည်သူထည့်ဝင်ငွေတို့နှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)