ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် ပုံပြောပြိုင်ပွဲနှင့် စာဖတ်ဝိုင်းများ ကျင်းပ

ကြံခင်း ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမနှင့် ကလေးစာဖတ်ခန်းတို့၌ ကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည့်စုံပြီး၊ နှုတ်မှုစွမ်းရည် မြင့်မားစေရေးနှင့် ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးစေရန် ပုံပြောပြိုင်ပွဲနှင့် စာဖတ်ဝိုင်းများကို ယမန်နေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ပုံပြောပြိုင်ပွဲနှင့် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သလို ဖြတ်ထိုးဉာဏ် မြင့်မားလာစေပြီး၊ နှုတ်မှုစွမ်းရည် မြင့်မားလာမှာဖြစ်ပါကြောင်းနှင့် အမှတ်ပေး စည်းမျဉ်း၊ စည်းကမ်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားပါသည်။

ဆက်လက်ပြီး ပုံပြောပြိုင်ပွဲ ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၁၀) ဦးတို့က  မိမိနှစ်သက်ရာ ပုံပြင်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြ၍  ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ကြသည်။ ယင်းနောက် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင်  ဒုတိယဦးစီးမှူး ဒေါ်မေသဉ္စာနှင်း ဦးဆောင်၍ ကျောင်းသား/သူများက ယင်းတလဲစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသော "ကျေးဇူးသိတတ်တဲ့ဆင်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကြရာ အင်အားကြီးမားတိုင်းအနိုင်မကျင့်ကြဖို့နဲ့ အကောင်သေးပေမယ့်သူ့နေရာနှင့်သူ့ အသုံးဝင်ပုံအား ရုပ်ပုံများဖြင့်ပြသကာ ကျောင်းသား/သူများဖြင့် စာဖတ်ဝိုင်းပြုလုပ်ပြီး ဆွေးနွေးကြပါသည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်တားဆီးကာကွယ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်မျိုးစုံ ပြသထားခြင်းကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)