မိုးညို ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club)တို့ပူးပေါင်း၍ စာရေးဆရာ ချစ်စံဝင်း ရေးသားသည့် "အထွတ်အထိပ်မှာတို့နေမည်"စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ (၂) နာရီက လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက စာဖတ်ဝိုင်းများပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး "အထွတ်အထိပ်မှာတို့နေမည်"စာအုပ်မှ ကောင်းတာလေးကို"စ"ပြောပါ ခေါင်းစဉ်ပါအကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့သည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးမြသန်းက "မကောင်းသောသတင်းစကားများကိုအယုံမလွယ်ပါနှင့်"၊ (Women Club) အဖွဲ့ဝင် ဒေါ်ဖြူဖြူစိုးက "သင်သည်တာဝန်ရှိသူတာဝန်သိသူတစ်ယောက်ဖြစ်ပါစေ" စသည့်ခေါင်းစဉ်ပါအကြောင်းအရာများအား ဖတ်ကြားခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါစာအုပ်ကိုဖတ်ရှုခြင်းအားဖြင့် မည်သည့်နေရာတွင်မဆို အကြောင်းအရာတစ်ရပ်ကို ဝေဖန်ပြောဆိုရမည်ဆိုပါက ကောင်းကွက်ကောင်းချက်လေးများကိုရှာရန်၊ အသိအမှတ်ပြုရန်၊ ချီးကျူးစကားပြောဆိုရန်၊ ထိပ်တန်းသို့ရောက်လိုသူတိုင်း၌ တာဝန်ယူမှု၊ တာဝန်သိမှု၊ တာဝန်ကျေမှုရှိရန်လိုကြောင်း စသည့်ဗဟုသုတများစွာရရှိမည်ဖြစ်သည့်အတွက် ဖတ်ရှုသင့်သောစာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)