ကြို့ပင်ကောက် ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အခွန်ဦးစီးဌာနရုံးတွင် မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအား အခွန်ကောက်ခံမှုဆိုင်ရာများ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အခွန်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ပေးဆောင်နေရသောဝင်ငွေခွန်နှင့် ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်၍ ရောင်းချခြင်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်းဖြင့် ရသင့်ရထိုက်သော အခွန်ငွေများကို နိုင်ငံတော်သို့ပေးဆောင်နိုင်ရေးအတွက် အသိပညာဗဟုသုတများကို မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဒေါ်အေးပြည့်ဇာလီက ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် အခွန်ထမ်းလုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်အတွင်းရှိအခွန်ထမ်း လုပ်ငန်းရှင်များအား အခွန်အကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)