ပွင့်ဖြူ ဇွန် ၂၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ကျောင်းသားကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းတော်ရာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၂၅၈) ဦး တက်ရောက်ခဲ့ပြီး မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က "လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးစေရန်၊ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးစေရန်အတွက် အားကစားလေ့ကျင့်မှုဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေး ဟောပြောပြီး တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများကို စိတ်အေးချမ်းပျော်ရွှင်စေရန်အတွက် ကိုယ်လက်လေ့ကျင့်ခန်းများ လက်တွေ့သရုပ်ပြသ ဆောင်ရွက်ပေးခဲ့သည်။
ဟောပြောပွဲအပြီးတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က ကျောင်းတော်ရာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ အားလပ်ချိန်တွင် အားကစားလေ့ကျင့်နိုင်ရန် ကျောင်းအုပ်ဆရာမကြီးထံ အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အားကစားကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ ပညာပေး လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပွင့်ဖြူမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများနှင့် လူငယ်မောင်မယ်များ ကျောင်းစာအပြင်၊ ပြင်ပ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ နိုင်ငံအတွက် အားကိုးအားထား ပြုရသော ထူးချွန်ထက်မြက်သူများ ပေါ်ထွန်းလာစေရန် ၊ ဗလငါးတန် ဖွံ့ဖြိုးခြင်းနှင့်အတူ စိတ်ဓာတ်၊ စည်းကမ်း ၊ ပညာရည် ထက်မြက်ပြည့်စုံသောသူများ ဖြစ်လာစေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်းများကို အရှိန်အဟုန်မပျက် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )