မင်းဘူး(စကု)မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မင်းဘူး ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျောက်တန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင်  ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ရန်လိုကြောင်း၊ ယနေ့ခေတ် ကျောင်းသားလူငယ်များသည် မိမိသွားချင်သည့် လမ်းကြောင်းကို လျှောက်လှမ်းနေကြသူများဖြစ်ကြသကဲ့သို့ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လူငယ်များ၏ အတွေးအခေါ်မှန်ကန်ပြီး စစ်မှန်သော မျိုးချစ်စိတ်များ ပေါ်ထွန်းလာစေရန် အထူးပင်အရေးကြီးကြောင်း ပြောကြားခဲ့သည်။

‌ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းက အားကစား၏အဓိပ္ပါယ်၊ အားကစား (၄) မျိုးရှိကြောင်းနှင့် နွေရာသီကျောင်းအားလပ်ရက်များတွင် ဖွင့်လှစ်သင်ကြားသွားမည့် အားကစားနည်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ကြည်က စားသုံးသူအခွင့်အရေး (၈) ချက်၊ စားသုံးသူကာကွယ်ရေးဥပဒေ (သို့မဟုတ်) လုပ်ငန်းရှင်များက ဖြေရှင်းဆောင်ရွက်ပေးမှုများ၊ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာ ကြုံတွေ့ပါက တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များကို ပြောကြားခဲ့သည်။      

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော သုတ/ရသ စာအုပ်၊ စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။  

ဇေယျာထက်(မင်းဘူး)