တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်ခရိုင်၏ ဒေသဝမ်းစာဖူလုံစေရန်နှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရန်အတွက် မျိုးစပါးများနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်

မြိတ် ဇွန် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြိတ်ခရိုင်၏ ဒေသဝမ်းစာဖူလုံစေရန်  ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာများအတွက် မျိုးစပါး၊ ကွန်ပေါင်းဓါတ်မြေဩဇာ၊ သဘာဝမြေဩဇာများနှင့် မိုးစပါးစိုက် အကျိုးဆောင် တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိစေရန် မျိုးစပါးများကို ယမန်နေ့ ညနေပိုင်းက မြိတ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ရာတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးသည် ဒေသဝမ်းစာဖူလုံမှုအနေဖြင့် (၇၃.၄၄) ရာခိုင်နှုန်း၊ မြိတ်ခရိုင်နေဖြင့် (၈၀.၈၉) ရာခိုင်နှုန်း ရှိသည့်အတွက် ဒေသဝမ်းစာဖူလုံမှုရှိစေဖို့ တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားစွာ ရရှိရေးအတွက် တောင်သူများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကြိုးစား ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အခုလို မိုးစပါးစိုက်ပျိုးတော့မည့် အချိန်ကာလမှာ ရေမြေဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် မျိုးစေ့များ၊ အရည်အသွေးပြည့်မီတဲ့ သွင်းအားစုများ အသုံးပြုပြီး စိုက်ပျိုးတာအပြင် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးနည်းစနစ်တွေနဲ့ မှန်ကန်စွာ စိုက်ပျိုးဆောင်ရွက်နိုင်မှသာ အထွက်ကောင်းတဲ့ ရလဒ်များ ရရှိနိုင်မှာဖြစ်ကြောင်း၊ ဒါ့အပြင် မိုးစပါး စိုက်ပျိုးရိတ်သိမ်းပြီးတဲ့နောက် ရေချိုရရှိနိုင်တဲ့ နေရာဒေသတွေမှာ နွေစပါး၊ ဆောင်းသီးနှံတွေဖြစ်တဲ့ ဆီထွက်သီးနှံ၊ ပဲမျိုးစုံနဲ့ စားဖိုဆောင်သီးနှံတွေ တိုးချဲ့စိုက်ပျိုးမယ်ဆိုရင် တိုင်းဒေသကြီးရဲ့ သီးထပ် စွမ်းအားတိုးတက်လာမှာဖြစ်ပြီး ဒေသတွင်းစားရေရိက္ခာဖူလုံကာ တောင်သူများ၏ ဝင်ငွေတိုးတက်ပြီး လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ကြောင်း၊ မြိတ်ခရိုင်အတွင်း မြို့နယ်(၄) မြို့နယ်ရှိ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာတွေ၏ မိုးစပါးစိုက်ခင်းတွေ အတွက်လိုအပ်သည့် မျိုးစေ့နဲ့ သွင်းအားစုများ ပံ့ပိုးပေးခြင်းများအပြင် မိုးစပါးပန်းတိုင်အထွက်နှုန်းများ ရရှိစေရန်အတွက် ရေတော်မိုးတော် နေရာအချို့ကိုလည်း မျိုးစပါးများ တစ်ဧက (၁) တင်းနှုန်း ထောက်ပံ့ပေးအပ်ခြင်းသည် တစ်ဧကအထွက်နှုန်း တိုးတက်လာပြီး ဒေသဝမ်းစာဖူလုံမှုကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးက ဘက်စုံအဆင့်မြင့် နည်းပညာ သုံးစံပြကျေးရွာများအတွက် မျိုးစပါးကွန်ပေါင်းဓါတ်မြေဩဇာ၊ သဘာဝမြေဩဇာများနှင့် မိုးစပါးစိုက် အကျိုးဆောင်တောင်သူများအတွက် ပန်းတိုင်အထွက်နှုန်းရရှိစေရန် မျိုးစပါးများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တာဝန်ရှိသူများက တိုက်ရိုက်မျိုးစေ့ချ ကိရိယာ (SEEDER) နှင့် မိုးစပါးအတွက် သွင်းအားစုများကို တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မိုးစပါစိုက် အကျိုးဆောင်တောင်သူကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ မြိတ်ခရိုင်၏ ဒေသဝမ်းစာဖူလုံရန် ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် အကျိုးဆောင် တောင်သူများ၏ လယ်ဧက (၁၃၇၄) ဧကအတွက် မျိုးစပါးများ (၁၃၇၄) တင်း၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ တောင်သူများအတွက် မျိုးစပါး (၁၂၀၀) တင်း၊ ကွန်ပေါင်းဓါတ်မြေဩဇာ (၆၀၀) အိတ်၊၊ သဘာဝ မြေဩဇာ (၂၄၀၀) အိတ်များကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ပြီး မြို့နယ်များအတွက် တိုက်ရိုက် မျိုးစေ့ချကိရိယာ (SEEDER) (၆၃) စင်းကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)