ဘုတ်ပြင်း ဇွန် ၂၀
၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် "အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်" လူငယ်စကားဝိုင်းကို ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုပြုဌာန၊ (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံရေး၊ အသိပညာဗဟုသုတပြည့်စုံစေရေး၊ နှုတ်မှုစွမ်းရည်များ တိုးတက်မြှင့်မားစေ ရေး၊ လူငယ်အချင်းချင်း အသိပညာဖလှယ်မှုရရှိစေရေး တစ်ဦးနှင့်တစ်ဦး အချင်းချင်းပူးပေါင်းတတ်စေ ရန်စသည့် လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးနိုင်ဝင်းက မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း အသီးသီးပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ မောင်ကျော်သူရနိုင် (ဒုတိယနှစ် အင်္ဂလိပ်စာ)၊ မမြတ်သဉ္ဇာအောင် (အငယ်တန်းစာရေး၊ ခရိုင်ထွေ/အုပ်)၊ မသူဇာလှိူင် (တက္ကသိုလ်ဝင်တန်းအောင်)နှင့် မြို့နယ်ဥပဒေအရာရှိ ဒေါ်ယဉ်လဲ့မင်းဝေတို့က လူငယ်နှင့် မူးယစ်အန္တရာယ်၊ မူးယစ်သုံးစွဲသူနှင့် ပတ်ဝန်းကျင်ဆိုးကျိုးများ၊ ကျောင်းသားနှင့် မူးယစ်အန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များနှင့် ဥပဒေအကြောင်းအရာများကို အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာကြသည့် အထက-ဘုတ်ပြင်းကျောင်းမှ Grade-10 ကျောင်းသား၊ ကျောင်းသူများက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ မိမိတို့သိလိုသည်များ မေးမြန်းခဲ့ကြရာ ဦးဆောင် ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက (Community Centre) ခန်းမတွင် ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ မှတ်တမ်းဓာတ်ပုံများကို စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရ သည်။
မြို့နယ် (ပြန်/ဆက်)