တောင်ငူမြို့၌ အသက်မွေးဝမ်းကျောင်းပညာရပ်ဖြစ်သော ယိုးဒယားအလှဆွဲခြင်းပြုလုပ်နည်း သင်တန်းအခမဲ့ဖွင့်လှစ်

တောင်ငူ ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတို့ပူးပေါင်း၍ တောင်ငူမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်ဖြစ်သော ယိုးဒယားအလှဆွဲခြင်း ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ဖွင့်လှစ်သည်။

ရှေးဦးစွာ တောင်ငူခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က အဖွင့်အမှာစကားပြောကြားပြီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုညိုထွေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်တို့က သင်တန်းသား၊ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့သည်။ သင်တန်းကို ဇွန် (၁၉) ရက်နေ့မှ (၂၅) ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး တောင်ငူမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူ (၃၀) ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများက တိုက်ပွဲရှောင်စခန်းများတွင် ဆင့်ပွားသင်တန်းများပို့ချပြီး ထွက်ရှိသည့်ခြင်းများကို ဈေးကွက်ရှာဖွေ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

ဇော်ကိုကို (တောင်ငူ)