ကျုံပျော်မြို့ အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

ကျုံပျော် ဇွန် ၂၀

လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ လူအများနှင့်ဆွေးနွေး‌ပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျုံ‌ပျော်မြို့ အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆု‌ဝေလှိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများမွေးမြူကြရန်၊ ယခုစကားဝိုင်းဆွေးနွေးပွဲမှ ဗဟုသုတများကိုလေ့လာမှတ်သားကြရန်၊ လာမည့်ဆွေးနွေးပွဲများတွင် မိမိတို့ပါဝင်ဆွေးနွေးနိုင်အောင်ကြိုးစားကြရန်၊ အနာဂတ်အတွက် အားထားရသည့် သားသမီးရတနာများဖြစ်အောင် ပညာ၊ ဗဟုသုတပြည့်စုံကြသူများဖြစ်နိုင်ရေး ကြိုးစားကြရန်တို့ကို အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သန်းသန်းစိုးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍လည်ကောင်း၊ ဖွံ့ဖြိုးတိုးတက်သူများ၏ စံနမူနာယူသင့်သည့် အလေ့အကျင့်များကိုလည်ကောင်း၊ ဗလငါးတန်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် ကြိုးစားဆောင်ရွက်သင့်သည်များကိုလည်ကောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီးဒေါ်ဆု‌ဝေလှိုင်၊ ဦးစီးအရာရှိဒေါ်သန်းသန်းစိုး၊ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် ဘလက်ဇင်ဝေလွင်ဦး၊ မောင်မြင့်မြတ်ကျော်၊ မောင်ခန့်ဇေလင်း၊ မောင်မျိုးကိုကို၊ မဇင်မြတ်နိုးဝေနှင့် မငုဝါစိုးတို့က လူငယ်နှင့်ကိုယ်ကျင့်တရား၊  လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်စည်းကမ်းစသည့် အကြောင်းအရာများအား ဝိုင်းဝန်းဆွေးနွေးကြသည်။ ထို့နောက် စကားဝိုင်းသို့ တက်ရောက်လာကြသောကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များအားမေးမြန်းရာ ဦးဆောင်ဆွေး‌နွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

ထို့နောက် ဗဟုသုတနှင့်စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် နံရံကပ်စာစောင်ပြပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းသား၊  ကျောင်းသူလေးများက စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး၊ ထိုကဲ့သို့ လူငယ်စကားဝိုင်းများကျင်းပပေးခြင်းသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန်၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ စကားပြောစွမ်းရည်ပြည့်ဝပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် လူငယ်အချင်းချင်းရင်းနှီးခင်မင် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)