လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

လိပ်သို ဇွန် ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ မောင်မင်းစိုးရေးသားသော “လူငယ်နဲ့အပြောင်းအလဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နော်မားကစ် (စာထောက်-၃ ပြ)က စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် မောင်မျိုးမြင့်အောင်က “လူသားများဟာ တစ်ခဏတာလူ့အဖြစ်ကို ရောက်ရှိလာတဲ့အခိုက်အတန့်လေးမှာ လူသားဆန်တဲ့အပြုအမူ၊ အပြောအဆို၊ အနေအထိုင်တွေနဲ့ ကြီးပြင်းသွားကြဖို့၊ ရွက်လွှင့်ထွက်ခွာကြဖို့ လိုအပ်ကြောင်း၊ ကောင်းတာလုပ်တဲ့သူက ကောင်းကျိုးချမ်းသာဆိုတဲ့ ကောင်းမွန်တဲ့တန်ပြန်သက်ရောက်မှု၊ မကောင်းတာလုပ်တဲ့သူက မကောင်းမှုဆိုးကျိုးဆိုတဲ့ တန်ပြန်သက်ရောက်မှုတွေက မိမိနောက်ကို အရိပ်ပမာလိုက်နေမှာဖြစ်ကြောင်း” စသည်ဖြင့် “တန်ပြန်သက်ရောက်မှုများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းတက်ရောက်လာသူ Book Club အဖွဲ့ဝင်များက မိမိတို့၏ ထင်မြင်ယူဆချက်များနှင့်အတူ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)