မယ်စဲ့မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

မယ်စဲ့     နိုဝင်ဘာ     ၁၃                               

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စတုတ္ထအကြိမ်ထောက်ပံ့ငွေပေးရာ ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့၌ လက်ဝယ် အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှိုက ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို နိုင်ငံတော်က စေတနာ၊ မေတ္တာထားကာ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အစိုးရ၊ ပြည်သူ၊ ဌာန အကြားချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရေး အားသွန်ခွန်စိုက် ဆောင်ရွက်ဖို့လိုကြောင်း၊ ပြည်သူများကလည်း ဒီမိုကရေစီ အနှစ်သာရ ပြည့်ဝကောင်းမွန်စေရေး ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ထက်မြတ်ထိရောက်သော၊ ထိုးဖောက်နိုင်စွမ်းရှိသော မူဝါဒများနှင့်အညီ ပဓာနအကျဆုံး အခန်းကဏ္ဍများတွင် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်ရှိ ပြည်သူများ၏ ခွန်အားသည် များစွာလိုအပ်ကြောင်းနှင့် ထောက်ပံ့ငွေ ရရှိမှုအပေါ် အကျိုးရှိစွာ အသုံးချစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်ပိုင်းရပ်ကွက်ရှိ အိမ်ထောင်စု (၁၈)စု၊ မြောက်ပိုင်းရပ်ကွက်ရှိ အိမ်ထောင်စု (၂၀)စု တို့အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၇၆၀,၀၀၀ ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ရပ်ကွက် ()ရပ်ကွက်၊ ကျေးရွာအုပ်စု ()အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၅၇၄)စုကို စုစုပေါင်း ငွေကျပ် ၁၁,၄၈၀,၀၀၀ ကို ထောက်ပံ့ပေးလျက်ရှိရာ ကျန်ရှိသော အိမ်ထောင်စုများကိုလည်း ကျေးရွာများအရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)