အုတ်တွင်းမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက စာဖတ်ဝိုင်းကျင်းပ

အုတ်တွင်း ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရေး၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေ‌ရေးရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန  စာကြည့်တိုက်ခန်းမတွင် ယနေ့မွန်းလွဲ (၁) နာရီအချိန်ကစာရေး ဆရာဒေါက်တာကျော်စိန်ရေးသားသည့် “လူငယ်လမ်းညွန်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးဘုန်းမြင့်ကိုက “လူငယ်လမ်းညွှန်”စာအုပ်ပါအကြောင်းအရာထဲမှ လူငယ်ဟူသည်၊ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ နေ့စဥ်အစကောင်းဖို့၊ အာဟာရနှင့်ကိုယ်လက်လှုပ်ရှားမှု၊ မှန်ကန်သောစိတ်နေသဘောထားစသည့် အကြောင်းအရာပါ ခေါင်းစဥ်များအား ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသော စာပေဝါသနာရှင်များမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ကလေးစာဖတ်ခန်း၌ စာအုပ်စာစောင်များ ပြသပေးခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)