ကန့်ဘလူမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားကျင်းပ

ကန့်ဘလူ ဇွန် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ထာဝရခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို  အ.ထ.က (၂) ကျောင်းသား၊ ကျောင်းသူများက ပညာဘဏ်တိုက် စာကြည့်တိုက် သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ကာ ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဆန်းလင်းက အမှာစကားပြောကြားခဲ့သည်။ ထို့နောက်  “စာပဒေသာ ဝေဆာစေမည်” Video Clip အား ပြသရာ တက်ရောက်လာကြသူများက အတူတကွ ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ လူမှုရေးအဖွဲ့အစည်းများမှ ရပ်ကွက်/ကျေးရွာ/ ကျောင်းစာကြည့်တိုက်များအတွက် အလှူငွေနှင့်စာအုပ်များ လှူဒါန်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာနေမှု၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စကားပုံဆက် ပြိုင်ပွဲနှင့်စာဖတ်ဝိုင်း ပြုလုပ်နေမှုများကို ကြည့်ရှုအားပေးပြီး ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးဆန်းလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုကော်မတီဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များ၊ အခြားဖိတ်ကြားထားသူများနှင့် အ.ထ.က (၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်မင်းမင်းသန်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)