ငဖဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ သာယာကုန်းကျေးရွာအုပ်စုသို့ ဆက်လက်ထုတ်ချေးပေး

ငဖဲ ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက သာယာကုန်းကျေးရွာအုပ်စုမှ တောင်သူ (၂၇၆ ) ဦးကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာဒေါ်သန်းသန်းဆင့်က တောင်သူများအား စိုက်ပျိုးစရိတ် အရင်းအနှီးရရှိစေရေးနှင့် သီးနှံများအချိန်မီစိုက်ပျိုးထုတ်လုပ်နိုင်ပြီး တောင်သူများ လူမှုစီးပွားဘဝ အဆင်ပြေစေရန်ရည်ရွယ်၍ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိကြောင်း၊ ယခင်နှစ် မိုးသီးနှံချေးငွေ အရင်း၊ အတိုး ပြေကျေစွာပေးဆပ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ရှိသည့် တောင်သူများအား ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်မန်နေဂျာနှင့်ဝန်ထမ်းများက  မိုးစပါးစိုက်ပျိုးရန်တစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းနှုန်းနှင့် အခြားသီးနှံစိုက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် သာယာကုန်းကျေးရွာအုပ်စုမှ တောင်သူ (၂၇၆) ဦး၏ မိုးစပါးဧက (၄၂၀) နှင့် နှမ်း (၇၄၇) ဧက စုစုပေါင်းစိုက်ဧက (၁၁၆၇) ဧကအတွက် ချေးငွေကျပ် (၁၃၇၇) သိန်းကို ဆက်လက်ထုတ်ချေးပေးခဲ့သည်။

ငဖဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း  ကျေးရွာအုပ်စု (၂၃) အုပ်စုမှ စပါးစိုက်ဧက (၅၄၈၀) နှင့် အခြားသီးနှံ စိုက်ဧက (၅၇၈၀) စုစုပေါင်း စိုက်ဧက (၁၁၂၆၀) စိုက်ပျိုးနိုင်ရန်အတွက် ချေးငွေကျပ် သိန်းပေါင်း (၁၄၀၀၀) ကို ထုတ်ချေးပေးရန် လျာထားကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာအုပ်စုများမှ တောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ်များကို သတ်မှတ်ကာလအတွင်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)