ဘားအံ ဇွန် ၁၉
လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်လျက်ရှိရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြိုင်ကြီးငူဒေသရှိ အခြေခံပညာကျောင်းဆောင်သစ်များ ဖွင့်လှစ်ခဲ့ပြီး မြိုင်ကြီးငူဒေသသို့ ယာယီပြောင်းရွေ့နေထိုင်ပညာသင်ကြားလျက်ရှိသော ဖာပွန်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် ထောက်ပံငွေများပေးအပ်ခဲ့သည်။
ဦးစွာ မြိုင်ကြီးငူနန်း ဦးဘေး မဲ့ကျောင်းတိုက်ဦးစီးပဓာနနာယက ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက၊ မဲဆမိတ်တိုက်ကျောင်းဆရာတော်ဘဒ္ဒန္တစန္ဒရ၊ ဓမ္မညီနောင်ဆရာတော် ဘဒ္ဒန္တစန္ဒနဉာဏိက ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူးနှင့်ဥက္ကဋ္ဌတို့က မြိုင်ကြီးငူဒေသ ဆွေချမ်းရိပ်မြိုင်ရပ်ကွက်ရှိ ဆွေချမ်းရိပ်မြိုင် အခြေခံပညာမူလတန်းကျောင်းရှိ(၁၅၀ x ၃၀)ပေရှိ RC တစ်ထပ်ကျောင်းဆောင်သစ်၊ ချမ်းသာမြိုင် အခြေခံပညာမူလတန်းလွန်ကျောင်းရှိ (၂၁၀ x ၃၀)ပေရှိ RC တစ်ထပ်ကျောင်းဆောင်သစ်၊ နန်းဟေမြိုင် အခြေခံပညာမူလတန်းကျောင်းရှိ (၂၁၀ x ၃၀)ပေရှိ RC တစ်ထပ်ကျောင်းဆောင်သစ်၊ စုံဝဏာမြိုင်ရပ်ကွက်ရှိ မြိုင်ကြီးငူအခြေခံ ပညာအထက်တန်းကျောင်းရှိ (၂၀၀ x ၄၅)ပေရှိ RC တစ်ထပ်ဝန်ထမ်းအိမ်ရာနှင့် စုံနံ့သာမြိုင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ (၁၀၀ x ၅၀)ပေရှိ ခန်းမဆောင်တို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြကာ အဆိုပါကျောင်းဆောင်သစ်၊ ဝန်ထမ်းအိမ်ရာနှင့် ခန်းမဆောင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် မြိုင်ကြီးငူဒေသရှိ ကျောင်းဆောင်သစ်၊ ဝန်ထမ်းအိမ်ရာနှင့် ခန်းမဆောင်သစ်များ လွှဲပြောင်းပေးအပ်ပွဲကို စုံနံ့သာမြိုင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပရာ မြိုင်ကြီးငူနန်းဦးဘေးမဲ့ကျောင်းတိုက် ဦးစီးပဓာနနာယက ဒုတိယမြိုင်ကြီးငူဆရာတော်က ဩဝါဒကထာမြွတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းကော်မတီများ၊ အကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏သားသမီးများ ပညာသင်ကြားခွင့်ကို လမ်းကြောင်းအမှန်သို့ ရောက်အောင် တိုက်တွန်းလမ်းညွှန်ပေးကြရန်နှင့် ဆရာ၊ ဆရာမများအနေဖြင့်လည်း ပညာရည်ထူးချွန်ပြီး နိုင်ငံအတွက် အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသော တပည့်ကောင်းများ ပေါ်ထွန်းလာအောင် သင်ကြားပေးကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဥက္ကဋ္ဌက ကျောင်းဆောင်သစ်များ ဆောက်လုပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အလှူရှင်ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး စောချစ်သူက ပညာရေးဌာနသို့ အဆောက်အဦမှတ်တမ်းများကို လွှဲပြောင်းပေးအပ်ကာ ကျောင်းဆောင်သစ်များ ဖွင့်ပွဲအထိမ်းအမှတ် အလံငယ်များပေးအပ်သည်။
ထို့နောက် လှိုင်းဘွဲမြို့နယ် ပညာရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ကြွရောက်ချီမြှင့်တော်မူကြသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သည့် ကျောင်းဆောင်သစ်(၃)ဆောင်၊ ဝန်ထမ်းအိမ်ရာတစ်လုံးနှင့် ခန်းမဆောင်သစ် တစ်ဆောင်တို့ကို ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး စောချစ်သူနှင့် ဇနီးနန်းခင်လှသူတို့က စုစုပေါင်းငွေကျပ် ၂၀၁၇၀၈၁၅၀၀ (သိန်းနှစ်သောင်းတစ်ရာခုနှစ်ဆယ်ရှစ်သောင်းတစ်ထောင်ငါးရာ) အကုန်အကျခံ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ပြီး မြိုင်ကြီးငူဒေသတွင် အခြေခံပညာကျောင်းပေါင်း ၁၇ ကျောင်းရှိကာ ဖာပွန်မြို့နယ်မှ ယာယီပြောင်းရွှေ့ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအပါအဝင် ကျောင်းသားဦးရေ ၅၉၇၀ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ မြိုင်ကြီးငူဒေသသို့ ယာယီပြောင်းရွှေ့ပညာသင်ကြားလျက်ရှိသော ဖာပွန်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် ထောက်ပံ့ငွေများပေးအပ်သည့် အခမ်းအနားကို မြိုင်ကြီးငူအထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အခြေအနေအရပ်ရပ်ကြောင့် ဘဝအတွက်အားထားရာ အခြေခံပညာများကို ကြိုးစားသင်ယူရာတွင် အားပေးထောက်ပံ့ပေးသည့်အနေဖြင့် ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘဝရည်မှန်းချက်ပြည့်စုံရန် စာကိုကြိုးစားသင်ယူ၍ ထူးချွန်အောင်ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြိုင်ကြီးငူဒေသသို့ ယာယီပြောင်းရွှေ့ပညာသင်ကြားလျက်ရှိသော ဖာပွန်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၂၇၉ ဦးအတွက် ကျောင်းဝတ်စုံ ၂၈၀ စုံ၊ ကျောင်းသုံးဗလာ စာအုပ် ၂၈၀ ဒါဇင်နှင့် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော အထက်တန်းကျောင်းသားတစ်ဦးလျှင် ငါးသောင်းကျပ်၊ အလယ်တန်းကျောင်းသားတစ်ဦးလျှင် လေးသောင်းကျပ်၊ မူလတန်းကျောင်းသားတစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၉၀၃၀၀၀၀ (ကိုးဆယ်သိန်းသုံးသောင်းကျပ်)ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် မြိုင်ကြီးငူအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)