အင်းတော် ဇွန် ၁၉
စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံး Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မိမိတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း စာဖတ်ရှိန်မြှင့်မားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို နေရာအနှံ့တွင် ကျင်းပလျက်ရှိပါကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာနိုင်စေရေး၊ စာပေဖတ်ရှုခြင်းမှ အသိပညာဗဟုသုတများ ရရှိလာနိုင်စေရေး၊ ရရှိလာသည့် အသိပညာဗဟုသုတများကို မိမိတို့ပတ်ဝန်းကျင်တွင် မျှဝေပေးနိုင်ရေး၊ အသိပညာရရှိစေသည့် စာအုပ်စာပေများကို ရွေးချယ်ဖတ်ရှုလာနိုင်စေရေး၊ လူငယ်လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံလာနိုင်စေရေးတို့အတွက် ရည်ရွယ်၍ ယခုလို စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းတော်မြို့နယ်ရုံး ဦးစီးအရာရှိ ဦးကျော်သီဟက ရှင်းလင်းဆွေးနွေးခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းတော်မြို့နယ်ရုံး ဦးစီးအရာရှိက စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်း ရေတွင်းကုန်းမှ ကျောင်းသား/ကျောင်းသူလေးများက စာရေးဆရာ မြနှင်းရည်ရှိန် ဘာသာပြန်ရေးသားထားသည့် အတွေးများမှသည် လက်တွေ့လုပ်ဆောင်မှုဆီသို့စာအုပ်ပါ တန်ဖိုးအရှိဆုံးအလုပ်တွင် အားစိုက်ထုတ်လိုက်ပါ၊ ထပ်တလဲလဲ လေ့ကျင့်ပြီးရင်းလေ့ကျင့်ပါ၊ မိမိကိုယ်ကိုယုံကြည်ပါ၊ ရှုံးနိမ့်မှုအသေးစားလေးကို ထပ်တလဲလဲလေ့ကျင့်ပြီး အောင်မြင်မှုအကြီးစားအဖြစ်ဖန်တီးပါ မှန်သည်ဟုတွေးထင်ထားပါက ချက်ချင်းလက်တွေ့အကောင်အထည်ဖော်လုပ်ဆောင်ပါ၊ စာဖတ်သည့်အချိန်ကို မနှမြောပါနှင့် ဆောင်းပါးပါ အကြောင်းအရာများကို ဖတ်ကြားခဲ့ကြသည်။
ထို့နောက် စာဖတ်စွမ်းရည် အကောင်းဆုံးဆုရ ကျောင်းသား/ကျောင်းသူ(၅) ဦးကို မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိက ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲသို့ အခြေခံပညာအထက်တန်းကျောင်း ရေတွင်းကုန်းမှ G – 11 ကျောင်းသား/ကျောင်းသူ (၂၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ကျော်သီဟ