တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တောင်ငူ ဇွန် ၁၉

 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာရေးဆရာကျော်ကျော်လှိုင်ရေးသားထားသည့် “လူတွေရဲ့ ချစ်ခင်မှုရအောင်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ဆွေးနွေးရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) နာယက(၂) ဦးမြသိန်းက “လူတွေရဲ့ချစ်ခင်မှုရအောင်" ခေါင်းစဥ်ပါအကြောင်းအရာများဖြင့် စာဖတ်ဝိုင်းအား ဦးဆောင်ဆွေးနွေးသည်။

ထို့နောက် (Book Club)ဥက္ကဋ္ဌ စာရေးဆရာမောင်ယဥ်ထွေး(တက္ကသိုလ်)က “လူတွေကို အောင်မြင်မှုရအောင်ကူညီပါ” ခေါင်းစဥ်ပါအကြောင်းအရာများ၊ အဖွဲ့ဝင် ဦးချစ်ကိုကိုက "ချီးမွမ်းတာကို လူတိုင်းသဘောကျပါတယ်" ခေါင်းစဥ်ပါအကြောင်းအရာများ၊ အဖွဲ့ဝင်ပန်းချီဆရာဦးစိုးမြင့်လေးက “လူတွေရဲ့နာမည်ကို မှတ်မိအောင်လုပ်ပါ” ခေါင်းစဥ်ပါအကြောင်းအရာများ၊ (Women Club)အဖွဲ့ဝင် ဒေါ်ပွင့်ဖြူစင်သက်က “လူတွေကို နားလည်ခွင့်လွတ်ပေးပါ” ခေါင်းစဥ်ပါအကြောင်းအရာများ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက “မိမိကိုယ် မိမိချစ်ပါ” ခေါင်းစဥ်ပါအကြောင်းအရာများကို  ဆွေးနွေးပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက ၎င်းတို့၏အတွေးအမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နာယက(၂) ဦးမြသိန်းက ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးသည်။

တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရန်၊ စာပေချစ်မြတ်နိုးသူများအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဥ်ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)