ဖြူးမြို့နယ် ဒိုင်းတရာ အမှတ်(၁) မူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ဖြူး ဇွန် ၁၉

အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူအရွယ်မှစတင်ကာ စာဖတ်ရမည့်အလေ့အကျင့်များရရှိစေရေး၊ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများရရှိစေရေးအတွက် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် (၉)နာရီခွဲအချိန်က ဒိုင်းတရာကျေးရွာ၊ အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ ​မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိမာဟိန်းနှင့် ဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက်စနစ် သုံးဘီးယာဉ်ဖြင့် ကလေးစာပေများအား ဖတ်ရှုစေခြင်း၊ စည်းလုံးခြင်းသည် အောင်မြင်နိုင်ကြောင်း အသိပညာပေးပုံပြင်များ ပြောပြခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်း၊ မူးယစ်ဆေးဝါးဆိုးကျိုးများကို အသိပညာပေးဟောပြောခဲ့ခြင်းများ‌ ဆောင်ရွက်ခဲ့ကြောင်း ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)