လှိုင်းဘွဲမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

လှိုင်းဘွဲ ဇွန် ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၁၀)နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၌ လှိုင်းဘွဲမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ဒုတိယရဲမှူး စိုင်းထွန်းထွန်းလတ်က ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကျောင်းသား၊ ကျောင်းသူလူငယ်လေးများအား လူ့စွမ်းအားအရင်းအမြစ်တိုးတက်မြှင့်မားရေး၊ အသိပညာ၊ အတတ်ပညာ၊ နည်းပညာ၊ အသုံးချပညာများ၏ အရေးပါမှုအခန်းကဏ္ဍများ၊ အစားအသောက်ဘေးကင်းလုံခြုံစေရေးအတွက် ကျောင်းအနီးရှိ မုန့်စျေးဆိုင်များအား မြန်မာ့ရိုးရာမုန့်များကို ရောင်းချပေးရန် ကျောင်းသား၊ ကျောင်းသူလေးများက ဝိုင်းဝန်း၍တိုက်တွန်းပြောကြားစေလိုကြောင်း၊ အိမ်နီးချင်းနိုင်ငံတို့မှ ဝင်ရောက်နေသည့် မုန့်များ၏ ဘေးထွက်ဆိုးကျိုးအန္တရာယ်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးရီက မုန်တိုင်း၊ ငလျင်၊ မိုးကြိုး စသည့် မိုးရာသီတွင် ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များ၊ ကြိုတင်ကာကွယ်ရမည့် အချက်များ၊ ဆောင်ရန်၊ ရှောင်များကို အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး ပိုစတာပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးအရာရှိ ဦးသီဟမြင့်ဆွေက မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရသည့် ဝတ်စုံအရောင်များကိုရှင်းပြ၍ သဘာဝဘေးအန္တရာယ်ကြောင့် အရေးပေါ်ရှာဖွေကယ်ဆယ်ခြင်း၊ ကယ်တင်ခြင်းနည်းလမ်းများကို လက်တွေ့သရုပ်ပြသပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသပေးထားသော မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များ၊ ပြစ်မှု၊ပြစ်ဒဏ်များအကြောင်းနှင့်လူမှောင်ခို၊ လူကုန်ကူးမှုအန္တရာယ်များ စသည့် သိမှတ်ဖွယ်ရာအသိပညာပေးနံရံကပ်စာစောင်နှင့် ဓါတ်ပုံများကို ကျောင်းသား၊ ကျောင်းသူ‌လေးများက စိတ်ပါဝင်စားဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

စောဒိ (ပြန်/ဆက်)