သဲကုန်း ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ စာပေဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်၊ စဥ်းစားတွေးခေါ်မှု မြင့်မားလာစေရန်၊ ဗလငါးတန်ပြည့်စုံစေရန်၊ ကျောင်းသားလူငယ်များ စာကြည့်တိုက်နှင့် ရင်းရင်းနှီးနှီးထိတွေ့ပြီး စာအုပ်စာပေများဖတ်ရှုသည့် အလေ့အကျင့်ကို ကလေးဘဝမှစ၍ လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် စာကြည့်တိုက်ကို ကောင်းစွာအသုံးပြုတက်စေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာမူလတန်းကျောင်း(တည်သီးပြင်)မှ ကျောင်းသား/ ကျောင်းသူများသည် ယနေ့နံနက်(၉)နာရီအချိန်က သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာကြည့်တိုက်လေ့လာရေးအစီအစဥ်အဖြစ် လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက စာကြည့်တိုက်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက (Mini Museum) တွင် ခင်းကျင်းပြသထားသော ပစ္စည်းများ၏ အသုံးဝင်ပုံ၊ အသုံးပြုပုံများ၊ စာငှားစာဖတ်ဝန်ဆောင်မှုလုပ်ငန်းများအား အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အနေဖြင့် သုတ၊ ရသစာအုပ်စာစောင်မျိုးစုံများ စီစဉ်ထားရှိကြောင်း၊ ကလေးစာဖတ်ခန်းဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သော(ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ လှူဒါန်းသော) ဘုတ်ပြားပြဇာတ်၊ စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောခြင်းများဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများက ပြည်သူ့စာကြည့်တိုက်တွင် ငှားရမ်းဖတ်ရှုနိုင်သော စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြသည်။
သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အနေဖြင့် သုတ/ရသစာအုပ်များ၊ ကလေးများအကြိုက် ရုပ်ပြကာတွန်းများ၊ ပုံပြင်များ၊ တေဇ၊ ရွှေသွေး၊ တိုင်းရင်းသားရိုးရာ ရုပ်ပြပုံပြင်များ၊ ဉာဏ်စမ်းပဟေဠိစာအုပ်များ စသည့်စာအုပ်စာစောင်များ လာရောက်ဖတ်ရှုငှားရမ်းနိုင်ပြီး၊ ကလေးစာဖတ်ခန်းဝန်ဆောင်မှုအဖြစ် ပုံပြင်ပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ စာအုပ်စာစောင်ပြပွဲများနှင့် Talk Show အစီအစဉ်များကို လစဉ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)