ပေါက်ခေါင်းမြို့နယ် သဖန်းချိုကျေးရွာအုပ်စု၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ တွေ့ဆုံဆွေးနွေး

ပေါက်ခေါင်း    ဇွန်   ၁၉

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်စိုးဦးဟန်နှင့် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ဦးဆောင်သော ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးဖြိုးသူမောင်နှင့် မြို့နယ်ဌာနဆိုင်ရာများအဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲအချိန်က  ပေါက်ခေါင်းမြို့နယ် သဖန်းချိုကျေးရွာအုပ်စု၊ လေးကြီးကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျေးရွာပြည်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို  သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင်  ဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်စိုးဦးဟန်နှင့် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးသိန်းအောင်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့်ကောလာဟလသတင်းနှင့် သတင်းတု/သတင်းမှားများအပေါ် မယုံကြည်ကြရန်နှင့် စစ်မှုထမ်းဥပဒေ၏ အဓိပ္ပါယ်နှင့် ဥပဒေပါစစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြားနှင့် စစ်မှုထမ်းသက်ကာလသတ်မှတ်ချက်များ၊ လစာထောက်ပံ့မှုနှင့် အကျိုးခံစားခွင့်များအကြောင်း၊ ဥပဒေပါပြစ်မှုပြစ်ဒဏ်များနှင့် ကင်းလွတ်ခွင့်ရရှိသူများအကြောင်းတို့ကို အသိပညာပေးဆွေး‌နွေးကြသည်။

ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနအပါအဝင် ဆည်မြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပညာရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများဖွဲ့က စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မား‌ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနအလိုက်ပံ့ပိုးကူညီ‌ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသော ကျေးရွာပြည်သူများက  ကျေးရွာလမ်း၊ ကျေးရွာကုန်ထုတ်လမ်း၊ စိုက်ပျိုးရေရရှိရေးနှင့် အခြားလိုအပ်ချက်များကို မေးမြန်းဆွေးနွေးတင်ပြကြရာ ဌာနဆိုင်ရာများက ဘဏ္ဍာနှစ်အလိုက် ဦးစားပေးဆောင်ရွက်ပေးမည့်အခြေအနေများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက်ပြန်လည် ဖြေကြားဆွေးနွေးပေးကြပြီး တာဝန်ရှိသူများအဖွဲ့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)