အုတ်တွင်း ဇွန် ၁၉
အုတ်တွင်းမြို့နယ်တွင် ပြည်တွင်းအခွန်ဦးစီးဌာနမှကျင်းပသော အခွန်ဆိုင်ရာ ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်အခွန်ဦးစီးဌာနမှူးဦးစီးအရာရှိ ဦးမြင့်သိန်းက ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံလျက်ရှိသော အခွန် (၅) မျိုးအကြောင်းအရာအားလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်ခိုင်မှ ကုန်သွယ်ခွန်နှင့်ဝင်ငွေခွန်များ အကြောင်းအရာအားလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်မိုးမိုးနိုင်မှ အဆောက်အဦဆောက်လုပ်ခွင့်နှင့်ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးစီးအရာရှိဦးမြင့်သိန်းမှ အထူးကုန်စည်နှင့် ပြေစာအမှတ်တံဆိပ်အကြောင်းအရာအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး အစည်းအဝေးတက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များမေးမြန်းခဲ့ရာ တာဝန်ရှိသူအသီးသီးမှ ပြန်လည်ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်းနှင့် အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)