ထန်းတပင်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ထန်းတပင် ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများသို့သွားရောက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးကွင်းဆင်းဆောင်ရွက်ရာတွင် ကျောင်းများဖွင့်ချိန်တွင် ကျောင်းသား ကျောင်းသူများ ခြင်အန္တရာယ်မှ ကင်းဝေးစေရန်နှင့် ခြင်ကြောင့် ဖြစ်ပွားတတ်သောသွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါအန္တရာယ်များမှ ကင်းဝေးစေရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေး ဝန်ထမ်းများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်း သူများ ပူးပေါင်း၍ ကျောင်းအတွင်းရှိ ရေစည်၊ ရေကန်၊‌ ရေအိုးများ၊ ဘုရားပန်းအိုးများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ပိုးလောက်လန်းများ ရှာဖွေခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများအပြင် ခြင်များပေါက်ပွားမှုမရှိစေရန် ပတ်ဝန်းကျင်သန့်ရှင်းရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း၊ ကျန်ရှိနေသော စာသင်ကျောင်းများကိုလည်း အလှည့်ကျစနစ်ဖြင့် ပြုလုပ်ပေးသွားမည်ဖြစ်‌​ကြောင်းနှင့် သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)