မကွေးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကျင်းပ

မကွေး ဇွန် ၁၉

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြင့်မားရေး၊ စိတ်ဓာတ်ကောင်းမွန်ရေး၊ ဉာဏ်ရည်မြင့်မားသော အားကစားသမားများပေါ်ထွန်းရေးနှင့် အာဆီယံတက္ကသိုလ်များ ပြိုင်ပွဲများမှသည် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည့် နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်လာစေရန် ရည်ရွယ်၍ တက္ကသိုလ်များ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်အသီးသီးမှာ အားကစားပြိုင်ပွဲများအား ကျင်းပလျက်ရှိရာ မကွေးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မကွေးတက္ကသိုလ် ဘောလုံးအားကစားကွင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲ များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဦး၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မကွေးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အားကစား မြှင့်တင်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းနှင့် လူငယ်များ ၏ စိတ်ဓာတ်ကို ပြုပြင်ပေးခြင်းဖြစ်သဖြင့် နောင်ဆယ်စုနှစ်အတွင်း အားကစာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး မြန်မာ့အားကစား တစ်ခေတ်ဆန်းလာစေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲများက လမ်းညွှန်ထားပါကြောင်း၊ အားကစား သမားများ လေ့ကျင့်ရန်နှင့် ပြိုင်ပွဲများပြုလုပ်နိုင်ရန် အဆင့်မီအားကစားရုံများ လေ့ကျင့်ရေးကွင်း များ၊ လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံဖို့ကလည်း အရေးကြီးတဲ့အတွက် ဒါတွေကို ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ မကွေးတက္ကသိုလ်မှာ ၂၀၂၄ ခုနှစ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲတွေ ကျင်းပပေးလျက်ရှိပြီး အားကစားနည်း(၅)မျိုးမှာ ဘာသာရပ်အသင်း(၉)သင်းက ကျောင်းသား၊ ကျောင်းသူ (၂၀၀)ဦးကျော် ပါဝင်ယှဉ်ပြိုင်လျက်ရှိ နေတာကို သိရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်ခြင်းဖြစ်တဲ့ အတွက် ငြိမ်းချမ်းပျော်ရွှင်စွာ ပညာသင်ရင်း အားကစားကို မြှင့်တင်ပေးကြဖို့၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်တဲ့ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာပြီး “ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ” ဗလငါးတန်ပြည့်ဝရေး၊ ဘက်စုံပညာထူးချွန်ရေးနှင့် ပညာရည်မြင့်မားပြီး ကျန်းမာသန်စွမ်း၊ စိတ်ဓာတ်ကြံ့ခိုင်ပြီး စည်းကမ်းကောင်းသည့် လူတော်လူကောင်း များဖြစ်ကြပါ စေကြောင်း အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးကာ တက္ကသိုလ်ပါမောက္ခချုပ်ထံ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 ယင်းနောက် ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွက်ဆိုခဲ့ပြီး၊ ဘောလုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ဘောလုံးပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် ဘူမိဗေဒ ဘာသာရပ်အသင်းနှင့် ရူပဗေဒအသင်းတို့ ယှဉ်ပြိုင်ကစားရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အဆိုပါပြိုင်ပွဲတွင် ရူပဘာသာရပ်အသင်းမှ(၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မကွေးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အားကစား ပြိုင်ပွဲများကို အားကစားအမျိုးအစားအလိုက် ထူးချွန်သည့် အားကစားသမားကောင်းများ မွေးထုတ်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး၊ ပြိုင်ပွဲတွင် ဘောလုံးပြိုင်ပွဲ (အမျိုးသား)၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ (အမျိုးသား)၊ ဘော်လီဘောပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး)၊ ပြေးခုန်ပစ်ပြိုင်ပွဲ (အမျိုးသား/ အမျိုးသမီး)၊ ကြက်တောင်ရိုက်ပြိုင်ပွဲများ ပါဝင်ကာ ပြိုင်ပွဲများကို (၁၈-၆-၂၀၂၄) ရက်နေ့မှ (၃၀-၆-၂၀၂၄) ရက်နေ့ထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲမှ ထူးချွန်သည့် လက်ရွေးစင်ကစားသမားများကို ရွေးချယ်ကာ၊ နေပြည်တော်သို့ ဇုန်အလိုက်သွားရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး တက္ကသိုလ်လက်ရွေးစင်မှ ဇုန်အလိုက်၊ ဇုန်အလိုက်မှတစ်ဆင့် ပညာရေးဝန်ကြီးဌာန ကိုယ်စားပြုပြီး ပဉ္စမအကြိမ် မြောက်ကျင်းပမည့် အမျိုးသား အားကစားပွဲတော်ကြီး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မောင်ညီညာ