ပခုက္ကူမြို့၌ Gender, CEDAW, NSPAW, UNSCR 1325 ဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်

ပခုက္ကူ ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ Gender, CEDAW, NSPAW, UNSCR1325 ဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်ပို့ချသည်။

သင်တန်းဖွင့်ပွဲတွင် ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် သင်ကြားပို့ချပေးမည့် ဘာသာရပ်များအကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန္ဒာအောင်က စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းနှင့် ဆက်သွယ်‌ရေးပိုင်းဆိုင်ရာ ကျား၊ မ အခြေပြုအကြမ်းဖက်မှုအ‌ကြောင်းအရာများ၊ အကြမ်းဖက်မှုဆိုင်ရာနောက်ဆက်တွဲအကျိုးဆက်များ၊ အကြမ်းဖက်မှုဆိုင်ရာဥပဒေများနှင့် ကာကွယ်တားဆီးရမည့် နည်းလမ်းများကိုလည်းကောင်း၊ ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦးက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးများ၏အခွင့်အရေး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ၏ နောက်ခံသမိုင်းကြောင်းအချက်အလက်များ၊ ကော်မတီ၏ လုပ်ငန်းတာဝန်နှင့် အ‌ကောင်အထည်‌ဖော်ဆောင်ရွက်မှုများကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးဦးက ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၃၂၅ တွင်ပါဝင်သည့် ကျား၊ မ ရေးရာတန်းတူညီမျှရေး၊ အမျိုးသမီးများအခွင့်အရေးနှင့် ဥပဒေများကိုလည်းကောင်း အသီးသီးဆွေးနွေး ပို့ချကြသည်။

အဆိုပါသင်တန်းတွင် ပခုက္ကူခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

ဘာမီသာ