ပေါင်းတည် ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်သူရထွန်းဦးဆောင်သော ကျန်းမာရေးမှူးများနှင့်ဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီခွဲက အ-ထ-က(မင်းကွက်)၌ ရောဂါပိုးသယ်ဆောင်ကောင်များမှဖြစ်တတ်သော ကူးစက်ရောဂါများထိန်းချုပ်ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်သူရထွန်း(ကျောင်းကျန်းမာရေး)နှင့်အတူ ကျန်းမာရေးမှူးများ၊ ငှက်ဖျားအင်စပက်တော်တို့က သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့်ဆင်ခြေထောက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအသိပညာပေး ဟောပြောကာ သရုပ်ပြသခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များပြသပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းများဆောင်ရွက်ကြသည်။
ယင်းနောက် ခြင်များ ခိုအောင်းနေထိုင်ပေါက်ဖွားမှုမဖြစ်ပေါ်စေရေး ရေအိုး၊ ရေစည်၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းနှင့် ရေသိုလှောင်ကန်များအတွင်းသို့ အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)