သဲကုန်း ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းသားသမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ သားသမီးများအား နှစ်စဉ်ပညာသင်ထောက်ပံ့ကြေးပေးနေမှုများနှင့် ၂၀၂၄-၂၀၂၅ ပညာရေးနှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ဝန်ထမ်းများ၏ သားသမီးများအား တိုင်းပြည်မြင့်မားတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ပညာရေးသည် အဓိကကျသော အရင်းအမြစ်ဖြစ်ကြောင်း၊ မိမိတို့၏ သားသမီးများ စဉ်ဆက်မပြတ် ပညာသင်ယူခွင့်ရရှိစေရေးအတွက် ပညာသင်စရိတ်များကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် နိုင်ငံ၏ အနာဂတ်တွင် လူ့စွမ်းအားအရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်စေသော ပညာရေးကဏ္ဍကို မိဘများမှ ပူးပေါင်းပါဝင်ကာ မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးယဥ်ထွေးက ဝန်ထမ်းများ၏ သားသမီးများဖြစ်ကြသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး(၁)ဘာသာဖြင့်ဖြေဆို အောင်မြင်ခဲ့သော ကျောင်းသူ(၁)ဦးအား ဂုဏ်ပြုဆုငွေကျပ်(၂၀၀၀၀) ပေးအပ်ချီးမြှင့်ပြီး၊ တက္ကသိုလ်အဆင့်ကျောင်းသား/သူ (၆)ဦး၊ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၁၀၀၀၀)၊ အထက်တန်းအဆင့်ကျောင်းသား/သူ(၇)ဦး၊ တစ်ဦးလျှင် ငွေကျပ်(၇၀၀၀)၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၉)ဦး၊ တစ်ဦးလျှင်ငွေကျပ်(၅၀၀၀)၊ မူလတန်းအဆင့် ကျောင်းသား/သူ(၁၇)ဦး၊ တစ်ဦးလျှင်ငွေကျပ်(၃၀၀၀)နှုန်းဖြင့် ဝန်ထမ်းသားသမီးစုစုပေါင်း (၃၈)ဦးအတွက် ထောက်ပံ့ငွေကျပ်(၂၁၁၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်လှလှရွှေက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း(၆၀)ဦးအတွက် (၁)ဦးလျှင် စားအုန်းဆီ (၁)ဗူးနှုန်းဖြင့် ထောက်ပံ့ပေးအပ်ပြီး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူ (၃၈)ဦးအတွက် တစ်ဦးလျှင် ဘောပင်(၁) ချောင်းနှုန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေး၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်လှလှရွှေ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ သား၊ သမီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)