မြဝတီခရိုင်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြဝတီ ဇွန် ၁၉

ဇွန်(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က ကရင်ပြည်နယ်၊   မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြဝတီခရိုင်ရုံးမှ ဦးစီးအရာရှိ  ဒေါ်ဇာဖြူဝင်းက ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပေးပြီး  အမှတ်(၃၂) မူးယစ်တပ်ဖွဲ့စု(မြဝတီ)မှ တပ်စုမှူး  ရဲမှူးရဲနိုင်က မူးယစ်ဆေးဝါးအမျိုးအစားများ၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် မူးယစ်ဆေးအစ ဆေးလိပ်ကဆိုသည့်အတိုင်း ကျောင်းသားလူငယ်များအနေဖြင့် စမ်းသပ်သုံးစွဲမိလျှင် လမ်းမှားရောက်နိုင်ကြောင်းတို့ကို ရှင်းလင်းဟောပြောပေးသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပခဲ့ရာ ကဗျာ၊ စာစီစာကုံး၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ကြားထားသော တာဝန်ရှိသူများက တစ်ဦးချင်းအလိုက် ဆုများချီးမြှင့်ပေးသည်။

ထို့နောက် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗဟုသုတရရှိဖွယ် သုတ/ရသ စာအုပ်၊ စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ အခြားအသိပညာပေးပြဘုတ်များ ခင်းကျင်းပြသပေးခြင်းနှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)