ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ဖူးစားပြောင်းသီးနှံ(၁၃၁၉)ဧက လျာထားစိုက်ပျိုးခြင်းဆောင်ရွက်

ပွင့်ဖြူ ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်အတွက် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး မိုးသီးနှံဖူးစားပြောင်းကို တစ်မြို့နယ်လုံး(၁၃၁၉)ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့အထိ ဖူးစားပြောင်းသီးနှံ (၁၃)ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဖူးစားပြောင်း စိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၁၃၁၉ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ ဒေသခံတောင်သူများက ဇွန်လအတွင်း ရွာသွန်း ခဲ့သည့်မိုးဖြင့် ဖူးစားပြောင်းသီးနှံများကို စတင်စိုက်ပျိုးခဲ့ကြောင်းသိရပြီး ယနေ့အထိ မြေပြင်စိုက်ပျိုး ပြီးစီးမှုအနေဖြင့် (၁၃) ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ 

“ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ သီးနှံစုံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသခံတောင်သူတွေကို တောင်သူအသိပညာပေးလုပ်ငန်းတွေ ကွင်းဆင်းဆောင်ရွက်နေပါတယ်။ အဓိကတော့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့၊ အရည်အသွေးပြည့်ဝတဲ့သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့နဲ့ အထွက်နှုန်းကောင်းဖို့အတွက် စိုက်နည်းစနစ်မှန်ကန်စေဖို့အတွက် သိရှိလိုက်နာရမယ့် အခြေခံ စိုက်ပျိုးရေးနည်းစနစ်များကို ပညာပေးဆောင်ရွက်နေပါတယ်။ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီမှာ ဖူးစား ပြောင်းစိုက်ဧကအနေနဲ့ တစ်မြို့နယ်လုံး(၁၃၁၉)ဧကလျာထား စိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပြီး ဒေသ တွင်းရှိ တောင်သူတွေက ယခု ဇွန်လဆန်းပိုင်းက ရွာသွန်းခဲ့တဲ့မိုးနဲ့ မိုးသီးနှံ ဖူးစားပြောင်းများကို စတင်စိုက်ပျိုးခဲ့ရာ ယခုဆိုရင် ဖူးစားပြောင်းစိုက်ဧက(၁၃)ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါတယ်။   ပွင့်ဖြူမြို့နယ်မှာ ဖူးစားပြောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှုရှိတာကြောင့် ဒေသခံ တောင်သူတွေက မိုးသီးနှံစိုက်ပျိုးရာသီမှာ နှစ်စဉ်အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ နောက်ပြီး ဖူးစားပြောင်းသီးနှံက ပြောင်းဖူးများ ရောင်းချရတဲ့အပြင် အပင်ကိုလည်း ကျွဲ၊ နွား တိရစ္ဆာန်အစာအဖြစ် ရောင်းချရလို့ နှစ်သီးစား ဝင်ငွေရရှိပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေ ဖူလုံသည့်အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြကြောင်းသိရပြီး ထိုသို့သီးနှံများ စိုက်ပျိုးရာ၌ တောင်သူတစ်ဦးချင်းအလိုက် တစ်ဧကသီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံအမျိုးအစားအလိုက် သိရှိလိုက်နာရမည့် စိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေးခြင်းများကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )