ပုသိမ် ဇွန် ၁၉
စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ယခုလ (၁၇) ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး သီနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ကော်ဖီစိုက်ဧက (၁၁၅၀၀) ဧက ပြည့်မီရေး နှစ်အလိုက်လျာထား စိုက်ပျိုးသွားမည်ဖြစ်ပြီး ပျိုးပင်များ ဖြန့်ဝေပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် မွေးမြူရေးလုပ်ငန်းများလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအား အခြားတိုင်းဒေသကြီး၊ ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း၊ စက်မှုဇုန်များရှိ အထည်ချုပ်စက်ရုံများသည် အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးနေခြင်းလည်းဖြစ်ပါကြောင်းနှင့် အထည်ချုပ်လုပ်ငန်းများ ပိုမိုရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် ဖိတ်ခေါ်လျက်ရှိပါကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်းလေးသွယ်ဖြင့် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မျိုးစေ့ထုတ်ကုမ္ပဏီများ၏ အခန်းကဏ္ဍသည်လည်း လွန်စွာအရေးကြီးပါကြောင်း၊ မျိုးသန့်မျိုးစေ့လိုအပ်ချက်များအား ရာနှုန်းပြည့်ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏ လျှပ်စစ်လိုအပ်ချက်အရ စပါးခွံလောင်စာသုံး Gasifier ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများအား တိုးချဲ့စိုက်ပျိုး လျက်ရှိပါကြောင်း၊ ယခုဆွေးနွေးပွဲသို့ တက်ရောက်လာသူများ အနေဖြင့်လည်း တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်ရုံအလုပ်ရုံများနှင့် စက်မှုဇုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းဆွေးနွေးပေးကြ စေလိုကြောင်း” အမှာစကားများ ပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် စိုက်ပျိုးမွေးမြူရေးနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက မျိုးကောင်းမျိုးသန့် စပါးမျိုးများ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ၊ သုတေသနလုပ်ငန်းများ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ အသားတိုးဝက်မွေးမြူရေး၊ နို့စားနွားမွေးမြူရေး၊ ငါးသားဖောက်စခန်းများနှင့် ငါးမွေးမြူရေး လုပ်ငန်းများ၊ ပုစွန်၊ ကဏန်းပျော့မွေးမြူတင်ပို့ရောင်းချမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးသစ်တောဦးစီးမှူးက သစ်တောစိုက်ခင်းများတွင် ကော်ဖီစိုက်ပျိုးမည့် အခြေအနေများအားလည်းကောင်း၊ ကော်ဖီစိုက်တောင်သူ၊ သီဟိုစိုက်တောင်သူ၊ ပီလောပီနံစိုက်တောင်သူများကလည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးက တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ လည်းကောင်း၊ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန တိုင်းဦးစီးမှူးက မြေအသုံးချမှုနှင့် စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတိုင်းဦးစီးမှူးက မွေးမြူရေးဇုန်အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ စက်မှုဇုန်များနှင့် စက်မှုစီမံကိန်းများမှ တာဝန်ရှိသူများက စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများ ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများအားလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရည်မှန်းချက်အတိုင်း အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)