တောင်တွင်းကြီး ဇွန် ၁၉
ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကလေးငယ်များအနေဖြင့် စာကြည့်တိုက်သို့စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းလေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ပြီး အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၆)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲအား တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင်ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား အခမ်းအနားဖြင့် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)